တောင်ငူ မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူပညာရေး ဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ယနေ့ နံနက်ပိုင်းက လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၇/၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ ဝန်ကြီး ဦးတင်သိန်း တက်ရောက်အမှာ စကားပြောကြားသည်။
ရှေးဦးစွာ သယံဇာတဝန်ကြီး ဦးတင်သိန်းက နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သိရှိစောင့်ထိန်းရမည့် ကျင့်ဝတ်များဖြစ်သည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်း၊ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်း၊ တပည့်များအတွက် တစ်သက်တာ စံပြဆရာအဖြစ် ခံယူနိုင်အောင် ပြုမူပြောဆိုနေထိုင်ခြင်း စသည့် ကျင့်ဝတ်များနှင့် စည်းကမ်းများကို လိုက်နာစေကာ ဝန်ထမ်းကောင်းဘဝကို ခံယူစေပြီး အမျိုးသား ပညာရည် မြင့်မားရေးအတွက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့် က သင်တန်းဆိုင်ရာ အချက်အလက်များနှင့် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က လုပ်ငန်းခွင်ကဏ္ဍများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ် သိပ္ပံဘာသာရပ်ဌာနမှူး ပါမောက္ခ ဒေါ်ခင်သီတာရွှေတို့က ပေးအပ်ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား (၁၄၅) ဦး ၊ သင်တန်းသူ (၂၅၀) ဦး စုစုပေါင်း (၃၉၅) ဦး တက်ရောက်နိုင်ခဲ့ကြောင်း၊ သင်တန်းကာလပြီးမြောက်၍ ပညာရေးဝန်ထမ်းအဖြစ် ကျရာဒေသ များတွင် တာဝန်ထမ်းဆောင်နိုင်မည့် ဆရာကောင်း၊ ဆရာမွန် ပေါ်ထွန်းလာရေးအတွက် တောင်ငူပညာရေး ဒီဂရီကောလိပ်မှ ဆရာအတတ်ပညာရှင်များက ဘက်စုံပညာများကို စာတွေ့လက်တွေ့ သင်ကြားကာ လေ့ကျင့် ပျိုးထောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဇော်ထက်