ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပိုင်ကျုံမြို့ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ပိုင်ကျုံ  မတ်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံရေးအတွက် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ယမန်နေ့ကတွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းသန်းက ပိုင်ကျုံ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများတွင် ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း၊ မိမိဆောင်ရွက်သည့် လုပ်ငန်းများအကျိုးရှိပြီး ထိရောက်ရန် လိုအပ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကာကွယ်ဆေးထိုးနှံရေးအတွက် နှိုးဆော်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့်အချက်များပြောကြားပြီး ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးက ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှုအခြေအနေများ နှင့် ကာကွယ်ဆေးဆက်လက်ထိုးနှံမည့် အစီ အစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပိုင်ကျုံမြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် စာရေးများ တက် ရောက်ခဲ့ကြောင်း သိရှိရသည်။

စောဂျိုးဇက်ဂျူး