ပဲခူးမြို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူး  မတ်လ ၄


မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀:၃၀ နာရီက ပဲခူးမြို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်မိုးမိုးခိုင်က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများ၊  မူးယစ်ဆေးဝါးပြန့်နှံ့ရောက်ရှိမှုစသည့် မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်ကောင်းပုံများကို ဖော်ပြထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြကြောင်း သိရသည်။ ယနေ့ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)