ကြံခင်းမြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးတိုက်ခြင်း ဆောင်ရွက်

ကြံခင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဆေးတိုက် ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွား ဆရာမများမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်း  မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မိုးမိုး(ကြံခင်း ပြန်/ဆက်)