ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီဈေးနှုန်း ကျဆင်းနေ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်နည်းပါး

ပွင့်ဖြူ မတ် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း ) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းသော်လည်း ကြက်သွန်နီဈေးနှုန်း ကျဆင်းနေ သည့်အတွက် သီးနှံဝင်ငွေ အကျိုးအမြတ် နည်းပါးကာ လုပ်ငန်းအဆင်ပြေမှု မရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုး တောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက် လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေး တစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပြီး ဒေသခံတောင်သူများက ဈေးကောင်း ရရှိရန် မျှော်မှန်းပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ကြက်သွန်နီ စိုက်ပျိုးရေး လုပ်ငန်းဟာ ကျွန်တော်ဒေသမှာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် အောင်မြင် ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ကြက်သွန်နီ တစ်ဧကကို အနည်းဆုံး ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ကြက်သွန်နီဈေးက တစ်ပိဿာကို ၁၅၀၀ ၊ ၂၀၀၀ လောက် ရောင်းရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့တောင်သူတွေ အဆင်ပြေကြတယ်။ ခုလက်ရှိမှာတော့ ကြက်သွန်နီဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၃၀၀၊ ၄၀၀ ဈေးနဲ့ရောင်းချနေရတော့ ကြက်သွန်နီ စိုက်ပျိုးတောင်သူတွေအတွက် အရင်းအနှီးစရိတ်နဲ့တွက်ရင် တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်။ ကြက်သွန်နီတစ်ဧက စိုက်ပျိုးရင် အနည်းဆုံး (၁၀)သိန်းဝန်းကျင်လောက် ကုန်ကျစရိတ် ရှိပါတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက ကြက်သွန်နီဈေးကောင်းရရှိဖို့အတွက် မျှော်လင့်နေကြ ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ကြက်သွန်နီ စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

ရဲဝင်းနိုင် (ညောင်ဦး)