ပခုက္ကူ မတ် ၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀)၏ သင်တန်းဆင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်အချိန်က အဆိုပါဒီဂရီကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ယင်းနောက် ပခုက္ကူပညာရေး ဒီဂရီကောလိပ် တာဝန်ခံကျောင်းအုပ်ကြီး ဒေါ်ယဉ်ယဉ်ကြည်က ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀)၏ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ဘာသာရပ်ဌာနများအလိုက် ပါမောက္ခ(ဌာနမှူး)များက မကွေးတိုင်းဒေသကြီးအဆင့် ပန်းချီ၊ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ၊ ကျောင်းအဆင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ စိုက်ပျိုးရေး၊ အမျိုးသားဘောလီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ပခုက္ကူပညာရေး ဒီဂရီကောလိပ်၌ ဖွင့်လှစ်ခဲ့သော ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ်(၇/၂၀)တွင် တက်ရောက်သင်ယူခဲ့ကြသည့် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ချောက်၊ ရေနံချောင်း၊ စလင်းမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၁၆၃)ဦးတို့အား သင်တန်းဆင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ အသီးသီးပေးအပ်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)