အထက်မင်းလှ မတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပျံ့ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုဲ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများရှိနေပြီး မင်းလှမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့် အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွါပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာဆေးထိုးစုရပ်များတွင် ထိုးနှံပေး လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်နှင့် အကြိမ်ရေပြည့်အောင် မပျက်မကွက် ထိုးနှံပေးကြပါရန် စသည့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)