မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေး

ချောင်းသာ မတ် ၄

ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့ကြက်ခြေနီအသင်းခွဲရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအဖွဲ့များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်