မြင်းမူ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ ယခုအခါ ဈေးကွက် ဝယ်လိုအားရှိသည့် (စမုံမျိုး) စမုံစပါးပင်များ စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရှိရသည်။
စမုံစပါး ပင်စိုက်ပျိုးလုပ်ကိုင်ရာမှာ စိုက်ပျိုးစရိတ်သက်သာပြီး အခြားသီးနှံများကဲ့သို့ အလုပ်မများကြောင်း၊ ပင်ကြား တန်းကြား(၁)ပေစီထားကာ စိုက်ပျိုးနိုင်ကြောင်း၊ ကျင်းတစ်ကျင်းလျှင် မျိုးစေ့(၇) စေ့ခန့် ထည်းသွင်း စိုက်ပျိုးကာ အပင်များ စတင်ထွက်ရှိချိန် အပင်များရင့်မာချိန်တွင် ရေ(၂)ပြန်ခန့် ပေးရန်သာလိုအပ်ကြောင်း၊မြေ(၂)ဧကခွဲအတွက်မျိုးစေ့(၇)ပြီလိုအပ်ပြီး အပင်ရေအားဖြင့်(၁၅၀၀၀)ခန့်စိုက်ပျိုးနိုင်ကြောင်း ကုန်ကျငွေအဖြစ် (၂၁၀၀၀)ကျပ် ရှိကာစိုက်ပျိုးပြီး (၄)လကျော်တွင် အပင်များအား အစေ့ထုတ်ရန်မလိုဘဲ ရိတ်သိမ်း ရောင်းချ ကြကြောင်း ဝင်ငွေအနေဖြင့်(၄)သိန်းခန့်ရရှိကြောင်း အလ္လကပ္ပကျေးရွာမှ စမုံစပါး စိုက်ပျိုးရောင်းချနေသူ ဦးချိုဝင်း ထံမှသိရှိရသည်။
တိုင်းရင်းဆေးဝါးသုံး စမုံစပါးပင်များကို မြင်းမူမြို့နယ်အတွင်းရှိ အလ္လကပ္ပကျေးရွာ၊ ကျော့မင်းကျေးရွာနှင့် ခြေယာတော်ကျေးရွာများတွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး မန္တလေးမုံရွာ၊ ရွှေဘိုနှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)