ပိုင်ကျုံ မတ် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
“ကျွန်မနာမည်ကတော့ နော်ရီတာဂျူးဖြစ်ပါတယ်။ ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်ပါတယ်။ အသက်ကတော့(၂၅)နှစ်ရှိပါပြီ။ အိမ်ရှင်မတစ်ယောက်ပါ။ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတုန်းက အန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး။ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေ ရှိလာတဲ့အတွက်ကြောင့် ကြောက်လာမိပါတယ်။ ပြီးတော့ ဈေးဝယ်တာက လူအများနဲ့ ထိတွေ့ဆက်ဆံရတာ ဖြစ်တဲ့ အတွက် ကာကွယ်ဆေးထိုးနှံပြီး ရောဂါကာကွယ်မှ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ မတ်လ၄ရက် ယနေ့နံနက်က ထိုးနှံမှုခံယူခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတာ လက်မောင်း နည်းနည်း အောင့်တာလောက်ပါပဲ ဘာမှထွေထွေထူးထူး မခံစားရပါဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင်စားသောက်ရမယ့် အကြောင်းတွေကို ပြောပြပေးပါတယ်။ နောက်လ ထဲမှာ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များထဲက အရေးအကြီးဆုံးလို့ ပြောလို့ရတဲ့ ကာကွယ်ဆေး ထိုးခြင်းကိုကျွန်မတို့ အိမ်ရှင်မတွေသာမက ပြည်သူအားလုံးကလိုက်နာ ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူး တင်ပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ သူများရှိရင်လည်း မဖြစ်မနေ ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ပြောကြားခဲ့ကြောင်း သိရပါသည်။
စောဂျိုးဇက်ဂျူး