ပေါက်ခေါင်းမြို့ရှိ အစိုးရရုံးဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပေါက်ခေါင်း   မတ်   ၄

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ ရောက်ရှိပါသောကြောင့် အစိုးရရုံး ဌာနအဆောက်အဦများအား မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့လယ်ယာ ဖွံဖြိုး‌ရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးမှ ဝန်ထမ်းအဖွဲ့များ ပူးပေါင်း၍ ရုံးဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်ဖြင့် မီးလောင်မှုအား ငြှိမ်းသတ်နည်းများဖြင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ဇာတ်တိုက် လေ့ကျင့်ခဲ့‌‌သည်။

နောက်ရက်များတွင်လည်း အခြားကျန်ရှိသည့် ရုံးများသို့ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်