လှိုင်းဘွဲမြို့နယ် နောင်ခွီးကျေးရွာတွင် ကျေးလက်နေပြည်သူများ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

လှိုင်းဘွဲ     မတ်    ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သောက်တော်ကျေးရွာအုပ်စု၊ နောင်ခွီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ပြည်ထောင်စုရန်ပုံငွေ (၄၆.၅၀၁)ကျပ်သန်းဖြင့် လမ်းအရှည်(၁)မိုင်(၁)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အထူ(၂)ပေ(၉)လက်မဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက် လုပ်ခြင်းလုပ်ငန်းကို ချမ်းမြေ့ဇမ္ဗူကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လမ်းကို ရာနှုန်းပြည့် လမ်းပြီးစီး သွားပါက ကျေးလက်နေ ပြည်သူများ အနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များကို လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သဖြင့် လူမှုရေး၊စီးပွားရေး ကဏ္ဍများ အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း ကျေးလက်နေ ပြည်သူ များ၏ပြောပြချက်အရသိရသည်။

စောဒိ(ပြန်/ဆက်)