မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နေကြာမျိုးသန့်စိုက်ခင်း ကွင်းဆင်းသရုပ်ပြပွဲ ကျင်းပ

မော်လိုက် မတ်၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် နေကြာမျိုးသန့်စိုက်ခင်း ကွင်းဆင်းသရုပ်ပြပွဲကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက တောင်သူ ဦးသန်းဌေး၏ ဆင်းရွှေကြာ(၂) နေကြာမျိုးသန့် စိုက်ခင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေကြာမျိုးသန့်စိုက်ခင်း ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင်က ဆောင်းသီးနှံ ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပြီး ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဒေါ်မြတ်နိုးကေမှ မျိုးသန့်နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်ခဲ့မှုအပေါ် ရှင်းလင်း ပြသခဲ့သည်။ ထို့နောက် မြေ/မျိုး/ပိုး တာဝန်ခံများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူ ဦးညွှန့်လှိုင်၏ ယာမြေတွင် စပါးခွံမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသခဲ့ကြပြီး ကွင်းဆင်း သရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများက သိရှိလိုသည် များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက  ပြန်လည်ရှင်း လင်းခဲ့ကြသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေး၊ ခရိုင်မြေ/မျိုး/ပိုး တာဝန်ခံများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး