လပွတ္တာ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်း အသီးသီးအား မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယခင်ဆောင်ရွက်လျက်သည့် လုပ်ငန်းများထက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ရေး ရောဂါကာကွယ်ရေးအတွက် အဓိကလိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အသိပညာပေးမှုအား တိတိကျကျ လိုက်နာနိုင်ရေးအတွက် အဓိကကျသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများထိ ဒေသခံပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြန်ကြားပေးရေး မီဒီယာလုပ်ငန်း များအား အလေးထားကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရေး အလှူငွေရရှိရေး မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၏ စီမံမှုဖြင့် စစ်ဆေးရေး ဂိတ်များ အမြန်ဆုံး ဖွင့်လှစ်ရေး၊ စစ်ဆေးတွေ့ရှိသည့် သံသယရှိသူများကို သက်ဆိုင်ရာ Quarantine စင်တာများသို့ ချက်ချင်းပို့ဆောင် ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်သူ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကလည်း သက်ဆိုင်ရာလူနာများနှင့် ထိတွေ့ စစ်ဆေးရာတွင်လည်း ဂရုတစ်စိုက် ဆောင်ရွက်ကြရေး ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်း Mask အား မဖြစ်မနေ အလေးထား တပ်ဆင် သွားလာကြရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်၍ လိုက်နာခြင်းမရှိသူများကို ပညာပေး အရေးယူခြင်း ဆောင်ရွက်မှုများ အနေဖြင့် အခုဝယ် အခုတပ် စနစ်ဖြင့် နေ့စဉ် နေရာစုံ လှည့်လည်ဆောင်ရွက်ပေးရေး လူစည်ကားသည့် နေရာများ ဖြစ်သည့် ကားဂိတ်များ၊ သင်္ဘောဆိပ်များ စသည့်နေရာများ ဧည့်သည်အဝင်အထွက်အား စောင့်ကြည့်ရေး အဖွဲ့များဖြင့် စစ်ဆေးပေးရေး မြို့နယ်အတွင်းရှိ ဘုရားပုထိုးစေတီများ ဌာနဆိုင်ရာရုံးများ ပြည်သူ့ဆေးရုံ၊ ဆေးခန်း ကျေးလက် ကျန်းမာရေးဌာနခွဲများ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် လိုက်နာဆောင်ရွက် စေရေးအတွက် လက်အိတ်နှင့် Mask တပ်ဆင်၍ ရောင်းချဝယ်ယူကြရေး အသိပေးနှိုးဆော်၍ အဖွဲ့များဖြင့် ကြပ်မတ် စစ်ဆေးပေးရေး အထက်ပါလုပ်ငန်းများ အသီးသီးတွင် တက်ရောက် လာသော ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၏ စုပေါင်း ဆောင်ရွက်ကူညီမှုများကို ရယူကာ တစ်နိုင်ငံလုံး၏ အရေးဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးနှင့် လပွတ္တာမြို့နယ် အနေဖြင့် ရောဂါကူးစက်မှု ကင်းရှင်းစေပြီး အောင်မြင်စွာ ကျော်ဖြတ်နိင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ လပွတ္တာခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာသူ မေးမြန်းအကြံပြုချက်များနှင့် ဆွေးနွေးချက်များကို ခရိုင်အုပ်ချုပ်ရေးမှူး ကသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)