နတ်တလင်း မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား စစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်းဖြတ်သန်း သွား လာနေကြသော ယာဉ်ကြီးယာဉ်ငယ်များ၊ လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ (၁၀၀၀)ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း (၃) ခုပေးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်းဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်ကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေရေးအတွက် Mask Campaign များအား လူစည်ကားရာနေရာဖြစ်သည့် ဈေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများတွင် စစ်ဆေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များက နှာခေါင်းစည်း (Mask)များတပ်ဆင်ရေးအတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)