ပလက်ဝမြို့တွင် တစ်နေ့လျှင် 40 Litter Oxygen Cylinder အလုံး (၂၀) ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပလက်ဝ ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲက တစ်နေ့ လျှင် 40 Litter Cylinder အလုံး ၂၀ ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါ စက်ရုံရှေ့၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ရပ်မိရပ်ဖ ဦးဇာနည်နှင့် Oxygen Plant စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ညိုတို့က Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံဆိုင်းဘုတ်အား ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တပ်မမှူးတို့က အမွှေးနံ့သာရည် ပတ်ဖြန်းပေးကာ အမှတ်တရ သစ်ပင်များ စိုက်ပျိုးကြသည်။

ဆက်လက်၍ Oxygen Plant စက်ရုံဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးသက်ဝင်းတို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် Oxygen Plant စက်ရုံဖြစ်မြောက်ရေးအတွက် ရန်ပုံငွေကောက်ခံရရှိမှုနှင့် သုံးစွဲမှု အခြေအနေကို ကော်မတီဝင် ဦးမင်းလိုက်က ရှင်းလင်းတင်ပြပြီး ကော်မတီဝင် ဦးဝင်းလှိုင်က ကျေးဇူးတင်စကားကို ပြောကြားသည်။

အဆိုပါ Oxygen Plant စက်ရုံကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၅၀ ဒသမ ၀၈၈၄ သန်း၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်၊ ဝိသုဒ္ဓါရုံကျောင်းတိုက်၊ မြို့နယ်သံဃနယကအဖွဲ့ဥက္ကဋ္ဌ၊ ဘဒ္ဒန္တဓောန နယက ဆရာတော်ဘုရားမှ ငွေကျပ် သန်း ၃၀ နှင့် အလှူရှင်များမှ ကျပ် ၈၆ ဒသမ ၉၀၅၆ သန်း၊ စုစုပေါင်း ကျပ် ၁၆၆ ဒသမ ၉၉၄ သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တပ်ဆင်သည့်စက်မှာ Oxygen Generation System Ets-B-5 Oxygen Filling System စက်အမျိုးအစားဖြစ်ကာ တစ်နေ့လျှင် 40 Litter Cylinder အလုံး ၂၀ ဖြည့်တင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)