တောင်တွင်းကြီး မြို့ပေါ် (၁၀) ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ ယာဉ် / စက်များအတွက် ပစ္စည်းများလှူဒါန်း

တောင်တွင်းကြီး  မတ်  ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ မြို့ပေါ် (၁၀) ရပ်ကွက်တွင် ဖွဲ့စည်းထား ရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မီးသတ်ယာဉ်နှင့် စက်များကောင်းမွန်စေရေးအတွက် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစောမောင်နှင့် မြို့မိမြို့ဖဦးစံသိန်းတို့က မြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ဖွဲ့စည်းထားရှိသော အရန်မီးသတ်တပ်ဖွဲ့ယာဉ်နှင့် စက်များအတွက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက မီးငြိမ်းသတ် ရေးယာဉ်များ တွင် လိုအပ်သောစက်ပစ္စည်းများဖြစ်သည့် Nozel (၁) ခေါင်း၊ ဘတ္ထရီအိုး(120 V) (၂) လုံး၊ ပိုက်လိပ်(ပေ ၁၀၀ (၄) လိပ်)၊ ဘတ္ထရီအိုး (70 V) (၄) လုံးတို့အား တက်ရောက်လာသည့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)