တောင်တွင်းကြီး မတ် ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးဒေသနယ်မြေဇုန်အတွင်းရှိ အင်းရွာကြီး ကျေးရွာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ဆောင်ရွက်ပြီးစီး နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့၀င်များက တောင်တွင်းကြီးမြို့နယ် အင်းရွာကြီးကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေ(၄၁.၇၂၁)သန်းဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း အရှည်ပေ (၁) မိုင် (၇ .၅) ဖာလုံအား လမ်းအကျယ် (၁၄)ပေ ထု(၈)လက်မ၊ ကျောက်ချောမြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အင်းရွာကြီးကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားရာတွင် အင်းရွာကြီးကျေးရွာသည် ကမ္ဘာ့အမွေအနှစ်စာရင်း၀င် ဗိဿနိုးဇုန်အတွင်းရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားတန်ဖိုးထား ထိန်းသိမ်းရန် လိုပါကြောင်း၊ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ရှေးဟောင်းအမွေအနှစ် ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာ၀န်ရှိသူများမှတဆင့် နိုင်ငံတော်သို့ စနစ်တကျအပ်နှံသွားရန်နှင့် နိုင်ငံတော်မှလည်း ထိုက်သင့်သည့် ချီးမြှင့်မှုများကို ပေးအပ်လျက် ရှိပါကြောင်း၊ မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုးအကြိမ် ပြည့်မီအောင် ထိုးနှံရေး၊ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် အထူးဂရုပြု ကြိုတင်ကာကွယ်ရေး စသည့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားကာ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
နိုင်ဝင်း(ပြန်/ဆက်)