ပြည် မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက “တက်ရောက်လာသော မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့၊ ပြည်မြို့(ဆုံစည်းရာ) စာဖတ်ဝိုင်းမှ စာရေး ဆရာများနှင့် မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်းအပါအဝင် ပြည်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ စာရေးဆရာများ၏ ကိုယ်တိုင်ရေးသားထုတ်ဝေထားသည့် စာအုပ်များအား မိတ်ဆက်ခြင်း၊ စာရေးသူတို့၏ စာပေဘဝခရီးအတွေ့အကြုံများအား အင်တာဗျူးအစီအစဉ်များနှင့် Talk Showပြုလုပ်ခြင်းနှင့် အခြားသုတ/ရသ စာပေရေးရာဆိုင်ရာများ အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန Community Centre ၌ လစဉ်လာရောက်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါကြောင်းနှင့် ယင်းအစီအစဉ်များကို ဒေသတွင်းပြည်သူများနှင့် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရေး အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်တင်ဆက်ရန် ပူးပေါင်း ဆောင်ရွက် လိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော စာရေးဆရာများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားပြီး စာရေးဆရာ မောင်စိမ်းလန်း (ပြည်)က ၂၀၁၈ခုနှစ်မှစတင်ကာ ပြည်ခရိုင်ပြန်/ဆက်နှင့် ဆုံစည်းရာစာဖတ်ဝိုင်းတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် သုတ/ရသစာပေ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီး ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ်စာရေးဆရာများက လစဉ်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် စာဖတ်ဝိုင်း ကဏ္ဍနှင့် အခြားစာပေရေးရာကဏ္ဍများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဆုံစည်းရာအဖွဲ့မှစာရေးဆရာ ကနောင်နိုင်နွယ်ဦးက ပြည်ခရိုင် ပြည်သူ့စာကြည့်တိုက်စာဖတ်အတွက် ၎င်းရေးသားသည့် "ဖူးပွင့်လန်းဆန်း ကဗျာပန်း" စာအုပ်နှင့် အခြားသုတ/ရသစာအုပ်များကို ခရိုင်ပြန်/ဆက်ဦးစီးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ စာဖတ်ဝိုင်းသို့ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့၊ ပြည်မြို့(ဆုံစည်းရာ)စာဖတ်ဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ ကြောင်းနှင့် အဆိုပါအဖွဲ့မှ ခရိုင်ပြန်/ဆက်နှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ စာပေရေးရာများကို ဆွေးနွေးသည့် စာဖတ်ဝိုင်းကို လစဉ်ပထမပတ် စနေနေ့တိုင်း ကျင်းပပြုလုပ် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)