ကော့ကရိတ်မြို့၌ ယခုနှစ်တွင် ငွေနှင်းမှိုများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် ငွေနှင်းမှို စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အဆင်ပြေ

ကော့ကရိတ်   မတ်    ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ယခုနှစ်တွင် ငွေနှင်းမှိုများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၂) ရပ်ကွက်၊ မြို့တော်ဦးရပ်နေ တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

ကျွန်တော်အနေနဲ့ ငွေနှင်းမှိုကို စိုက်ပျိုးလုပ်ကိုင်လာတာ (၁၀)နှစ်လောက် ရှိပါပြီး။ယခုနှစ်မှာမှ ဈေးကောင်း ရရှိတာပါ။ငွေနှင်းမှို တစ်ပိဿာကို ငွေကျပ် (၁၂၀၀)ရတဲ့အချိန်က စလုပ်လာတာ ပါ။ယမန်နှစ်ကတော့ ငွေနှင်းမှို တစ်ပိဿာကို ငွေကျပ် (၂၀၀၀)မှ (၂၅၀၀)အထိ ရရှိပြီး၊ ယခုနှစ် မှာတော့ ငွေနှင်းမှို တစ်ပိဿာကို ငွေကျပ် (၃၅၀၀) အထိ ဈေးကောင်းရရှိနေတဲ့အတွက် စိုက်ပျိုးလုပ်ကိုင်ရတာ အဆင်ပြေပါတယ်။ငွေနှင်းမှိုကို စိုက်ပျိုးတော့မယ်ဆိုရင် အဓိကလိုအပ်တဲ့ ကုန်ကြမ်းကတော့ လွှစာပါဘဲ။အဲ့ဒီလွှစာကို ဇကာနဲ့စစ်ပြီးတော့ ထုံးကြမ်း၊ ဖွဲနု၊ ဆားခါး၊ သကြား (သို့မ ဟုတ်) Glucoseကို ရောစပ်ပြီးတော့ ရေကိုတော့ ထည့်ပုံထည့်နည်းအတိုင်း ထည့်ရပါတယ်။သကြားကတော့ ပုရွက်ဆိတ်တွေ တက်တဲ့အတွက် Glucoseကို အသုံးပြုတာ ပို ကောင်းပါတယ်။အဲ့ဒါအားလုံးကို ရောစပ်ပြီးရင် ကျွန်တော်တို့အနေနဲ့ ၇လက်မ ၁၂လက်မ ပလပ် စတစ်အိတ်ထဲကို ထည့်ပြီး ပေါင်းထားရပါတယ်။ကျွန်တော်တို့အနေနဲ့ ရေတိုင်ကီနဲ့ ပေါင်း တော့ ရေတိုင်ကီတစ်လုံးကို မှိုထုပ်(၉၀)ထည့်ပြီး  (၄)နာရီကြာ ပေါင်းပြီးတော့ ပြန်အအေးခံ ရပါတယ်။ အအေးခံပြီးတော့ (၈)နာရီမှ(၄၈)နာရီကြားမှာ ဆေးထည့်ပေးရင်ကောင်းပါတယ်။အအေးခံတာ လွန် သွားရင် ရောဂါပိုးတွေ ဝင်တာများပါတယ်။အဲ့ဒီလို အအေးခံပြီးရင် (၂၅)ရက်မှ တစ်လအတွင်းမှာ ငွေနှင်းမှိုအပွင့်စပွင့်လာပြီးဆိုရင် (၂)ရက်လောက်ဆို စရောင်းလို့ရပါပြီး။အပွင့်စပွင့်လာပြီးဆိုရင် တစ်ရက်ကို (၂)ခါလောက် ရေလောင်းရပါတယ်။ ငွေနှင်းမှိုကတော့ နွေဆိုရင်တော့ တစ်ခါပွင့်ပြီးရင် ပြန်ပွင့်ဖို့ စောင့်ရတာကြာတာပေါ့။မိုးနဲ့ ဆောင်းဆိုရင်တော့ တစ်ခါ ပွင့်ပြီးရင် (၂)ရက်လောက်ဆို ပြန်ပွင့်ပါပြီး။ ယခုလက်ရှိ အချိန်မှာတော့ ငွေနှင်းမှို ၇ လက်မ ၁၂ လက်မ ပလပ်စတစ် အိတ်နဲ့ မှိုထုပ် (၄၀၀၀)ကို စိုက်ပျိုးထားပေမဲ့ မှိုထုပ် (၃၂၀)မှာတော့ အပွင့်တွေ အာလို့ရောင်းနေရပါပြီး။ အဲ့ဒီငွေနှင်းမှိုထုပ် (၃၂၀)နဲ့ တစ်ရက်ကို ငွေနှင်းမှို (၅)ပိဿာမှ (၆)ပိဿာအထိ နုတ်ယူပြီး ရောင်းချနေရပါတယ်။ ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင်လုပ်နေရတာဆိုတော့ အသုတ်လိုက်ဘဲ စိုက်ပျိုး ထားရပါတယ်။ နောက်နှစ် ပတ်လောက်ဆို ငွေနှင်းမှိုထုပ် (၄၀၀၀)ကလည်း အပွင့်စပွင့်လို့ ရောင်းလို့ရတဲ့ အနေအထားကို ရောက်ပါပြီး။ အဲ့ဒီငွေနှင်းမှိုထုပ် (၄၀၀၀)ဆိုရင်တော့ တစ်ရက်ကို ငွေနှင်းမှို (၁၀)ပိဿာမှ အများဆုံး (၃၅) ပိဿာအထိ နုတ်ယူရရှိပါတယ်။ ဒီကထွက်တဲ့ ငွေနှင်းမှိုတွေကိုတော့ ကော့ကရိတ်မြို့မဈေးမှာ ပြန်လည်ရောင်းချပါတယ်။ ငွေနှင်းမှို ပျိုးပင်ပုလင်း တွေကိုတော့ ထိုင်း နိုင်ငံ မဲဆောက်၊ မွန်ပြည်နယ် သံဖြူဇရပ်နှင့် ကရင်ပြည်နယ် သာမညတို့မှာ မှာယူပါ တယ်။ ငွေနှင်းမှိုပျိုးပင်တစ်ပုလင်းကို ငွေကျပ် (၉၀၀)ဖြင့် ဝယ်ယူရပြီး ပျိုးပင်တစ်ပုလင်းကို ၇ လက်မ ၁၂ လက်မ ပလပ်စတစ်အိတ်နဲ့ မှိုထုပ် (၂၂)ထုပ်မှ (၂၅)ထုပ်အထိ ပျိုးထားလို့ရပါတယ်။ ကျွန်တော်အနေနဲ့တော့ တစ်နှစ်ကို ငွေနှင်းမှို (၂)ကြိမ် စိုက်ပျိုးပါတယ်။  ကော့ကရိတ်မြို့မှာ ငွေနှင်းမှို ဈေးကွက်မရှိတော့ ချင့်ချိန်ပြီး စိုက်နေရပါတယ်။ငွေနှင်းမှိုဈေးကွက်ရှိလို့ကတော့ တိုးချဲ့ပြီး စိုက်ပျိုးချင်ပါတယ်ဟု အမှတ် (၂)ရပ်ကွက်၊ မြို့တော် ဦးရပ်နေ ငွေနှင်းမှို တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် တောင်သူဦးမြင့်စန်းဝင်းက ပြောကြားသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)