မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း (Booster Dose) နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးမထိုးရသေးသူများအား ဆက်လက်ထိုးနှံပေး

မြိတ်    မတ်    ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်အလိုက် ဆေးမထိုးရသေးသူများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာအထိ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိပြီး မတ်လ(၃)ရက်တွင် ဆေးထိုးအဖွဲ့များမှ ရပ်ကွက်/ ကျေးရွာ(၁၀)ခုနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း (Booster Dose) ကို ဆက်လက်ထိုးနှံပေးသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose)ကို ကန်ခေါင်းရပ်ကွက်ရှိ ပြည်သူ့ ဆေးရုံ ဆေးထိုးအဆောင်တွင် ထိုးနှံပေးရာ၌ ဌာနဆိုင်ရာဝန်ထမ်း(၃၀၀)ကျော်အားထိုးနှံပေးခဲ့သည်။ ထို့အတူ ရပ်ကွက်/ ကျေးရွာအထိ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရပ်ကွက်/ကျေးရွာ(၁၀)ခုမှ ပြည်သူ (၁၀၀၀)ဦးခန့်အား ပထမအကြိမ် ကာကွယ်ဆေးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် ရဲတပ်ဖွဲ့ဝင်၊ အသက်(၅၀)နှင့်အထက် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း(၈၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose)ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လျာထားလူဦးရေ သည် (၁၉၅၄၁၃)ဦးရှိပြီး မတ်လ(၃)ရက်နေ့အထိ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေသည် (၁၆၀၉၁၁)ဦးရှိ၍ ကာကွယ်ဆေးနှစ်ကြိမ်လုံး ဆေးထိုးနှံပြီးသည့်ဦးရေမှာ (၁၅၀၁၅၈)ဦးရှိပြီဖြစ်ကာ ကာကွယ်ဆေးထိုးရန် လျာထားလူဦးရေ၏ (၈၂)ရာခိုင်နှုန်းကို ထိုးနှံပေးပြီး ဖြစ်ကာ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသူများကိုလည်း ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခိုင်ထူး ( မြိတ်၊ ပြန်/ဆက် )