ပွင့်ဖြူ မတ် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေး စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့များက ဌာနဆိုင်ရာများ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မတ် ၃ရက်၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ် ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အတူ ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်ကာ ပွင့်ဖြူ ၊ စလင်း၊ မင်းဘူး၊ မကွေးသွား ကားလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသော မော်တော် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့်စေပြီး ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသော ခရီးသွားပြည်သူများကို စက်တပ်ယာဉ်များ စီးနင်းသွားလာရာ၌ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာကြရန်၊ မြို့တွင်းဖြတ်သန်းသွားလာရာတွင် သတ်မှတ် မိုင်နှုန်းထက် ကျော်လွန်မောင်းနှင် သွားလာခြင်းမပြုရန်၊ မီးပွိုင့်နေရာများတွင် ဆင်ခြင်သတိပြု မောင်းနှင်သွားလာကြရန်၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျတပ်ဆင်၍ မောင်းနှင်ကြရန်နှင့် နှစ်ဦးထက် ပိုမိုစီးနင်း သွားလာခြင်းများ ရှောင်ကြဉ်ကြရန် စသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပြီး ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာသည့် အလေ့အကျင့်များ ရရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ များနှင့် နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့စိတ်မှ တာဝန်ရှိသူထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )