မြို့သစ်မြို့ မင်းသာခြံ၌ နာဂဒေသနှင့်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့

မြို့သစ် မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာခြံတွင် တောင်သူများအား နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းသာခြံတာဝန်ခံ ဦးကြည်လင်းက ဒေသအတွင်းစိုက်ပျိုးခြင်း စီးပွားလုပ်ငန်းဖြင့် ဒေသခံတောင်သူများ၏ အသိအမြင်များပြောင်းလဲစေရန်၊ ဒေသခံတောင်သူများ၏ ဝင်ငွေတိုးတက်လာစေရန်၊ ရှားပါးသီးနှံအမယ်များအား ပျိုးထောင်မျိုးပွား စိုက်ခင်းထူထောင် လာစေရန်နှင့် ဒေသခံတောင်သူများ ပူးပေါင်းပါဝင်မှုနှင့် စုပေါင်းဆောင်ရွက်မှုများကြောင့် နာဂဒေသနှင့်နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား ခရိုင်မြေအသုံးချရေး တာဝန်ခံနှင့်မင်းသာခြံတာဝန်ခံတို့က   စပါးမျိုးတင်း ၁၀၀၊ သရက် (ပတ္တမြားငမောက်)၊အုန်းချိုမွှေး၊ ကြက်မောက် ပျိုးပင်ပေါင်း ၁၁၀၀ ပင် နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ မျိုးစေ့ထုတ် အထုတ်(၃၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

" အခုလိုမျိုးစေ့တွေ ပျိုးပင်တွေ ထောက်ပံ့ပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရရှိတဲ့ ပျိုးပင်တွေကို မျိုးပွားရရှိအောင်စနစ်တကျနဲ့ စိုက်ပျိုးသွားပါ့မယ်။ မိသားစုတစ်နိုင်တစ်ပိုင်အတွက် ထောက်ပံ့ပေးတဲ့ မျိုးစေ့တွေဟာ မီးဖိုချောင်နဲ့ မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်" ဟု တောင်သူ ဦးဟန်ထွန်း ကပြောပြသွားပါသည်။

အဆိုပါခမ်းအနားသို့ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)