ဆင်ပေါင်ဝဲ မတ် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီခွဲ အချိန်က ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ရေစုပ်စက်နှင့်စက်ပစ္စည်းများ တပ်ဆင်အသုံးပြုမည့် Pontoon ဆောင်ရွက်နေမှု အခြေအနေ၊ ထရန်စဖော်မာ တပ်ဆင်ပြီးစီးမှု အခြေအနေ၊ ဆိုလာပြားများ တပ်ဆင်နေမှု အခြေအနေ၊ ရေပိုက်လမ်းသွယ်တန်းနေမှု အခြေအနေများနှင့် ရေလှောင်ကန်ဆည် တည်ဆောက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြစ်ရေတင်စီမံကိန်းအတွက်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ အင်ဂျင်နီယာ ဦးမြင့်ကောင်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါမြစ်ရေတင် စီမံကိန်းဆောင်ရွက်ပြီးစီးပါက ညံတောအင်းကျေးရွာရှိ စိုက်ဧက(၂၀၀) ကျော်အတွက် စိုက်ပျိုးရေ အလုံအလောက်ရရှိမည်ဖြစ်ပြီး ရွာသူ၊ရွာသား အားလုံးအတွက် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)