ဘိုကလေး မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ်၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ အတည်ပြုလူနာများ ထားရှိသည့် Positive Center သို့ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ကိုဗစ်လူနာများအတွက် အာဟာရဒါနအဖြစ် နေ့လည်စာ ထမင်း၊ ဟင်းများ နေ့စဉ်ချက်ပြုတ် ပေးပို့လှူဒါန်းလျက်ရှိသည်။
ပေးပို့လှူဒါန်းရာတွင် နေ့စဉ် (၁၀၀)ဦးစာခန့် ပေးပို့လှူဒါန်းရပြီး အဆိုပါ ပရဟိတဖောင်ဒေးရှင်းအနေဖြင့် ယခင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်းတွင်လည်း Facility Quarantine Center များ၊ Positive Center နှင့် ယာယီကုသဆောင်များသို့ နေ့စဉ်အာဟာရဒါန ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးစက်