ပွင့်ဖြူ မတ် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် ရွာသာကြီးကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မလိုအပ်ဘဲ နေအိမ်ပြင်ပ သွားလာခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးရှိသောနေရာများ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ အပြင်မှ ပြန်လာသည့်အခါတိုင်း လက်ကို စနစ်တကျ ဆေးကြောရန်၊ လက်မဆေးမီ မျက်နှာအား ပွတ်သပ်ခြင်းမပြုရန်နှင့် အရာဝတ္ထုပစ္စည်းများ ကိုင်တွယ်ခြင်းမပြုရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးပါက သတ်မှတ်ဆေးထိုးစုရပ်များသို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန် စသည့် ကြိုတင်ကာကွယ် ရေးဆိုင်ရာအချက်များကို အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူလူထု ပူးပေါင်း ကာကွယ် တိုက်ဖျက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)