ဒေးဒရဲမြို့၌ စားသုံးဆီများအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိ

ဒေးဒရဲ  မတ်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဆီပိဿာချိန် (၁၁၀၀)အား ဆီ (၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ဆီလက္ကားဆိုင် (၄)ဆိုင်က ယမန်နေ့ နံနက်ပိုင်းကစတင်၍ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရောင်းချနေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနက တာဝန်ခံ ဦးသိန်းမောင်နှင့် တာဝန်ရှိသူများက ပြည်သူများအချင်အတွယ် မှန်ကန်စွာဖြင့် စားသုံးဆီများ ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လက်ရှိ စျေးကွက်အတွင်း စားသုံးဆီ (၁)ပိဿာ (၇၀၀၀)ကျပ်ခန့် ရှိသဖြင့် ပြည်သူများအနေဖြင့် စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချနေမှုအား လာရောက်ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း