မုံရွာမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနက ပျိုးပင်ပေါင်း (၁၂၆၈၆၀) ပျိုးထောင်ထား

မုံရွာ မတ်၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် သစ်တောဦးစီးဌာနရုံး နန္ဒဝန်ပျိုးဥယျာဥ်(၁)၊(၂)(၃)တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၁၂၆၈၆၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့် မေလ နောက်ဆုံးပတ်တွင် မြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းသိရသည်။

ရာသီဥတုကောင်းမွန်မျှတစေရေး ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန် မုံရွာမြို့နယ်သစ်တော ဦးစီးဌာနရုံးရှိ နန္ဒဝန်ပျိုးဥယျာဉ် (၁)(၂)(၃)တို့တွင် တမာ၊ ယူကလစ်၊ စိန်ပန်းကြီး၊ မယ်ဇယ်၊ ငုစပ်၊ ခရေ၊ မန်ကျည်း၊ မဲဇလီပ၊ မာတာကွတ်၊ ဆီသပြေ နှင့် ကျွန်းစသည့် စုစုပေါင်းပျိုးပင် (၁၂၆၈၆၀) ပျိုးထောင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးကျော်ဇင်ထွန်း က ပြောသည်။

အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင် (၁၂၆၈၆၀)အနက်မှ လူထုဖြန့်အနေဖြင့် ပျိုးပင်(၆၈၇၈၀)ကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ မြေများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေးဝဲယာများတစ်အုပ်တစ်မ စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မုံရွာမြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့်လည်း ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် (၁/၂၀၂၂)ကျေးရွာ ထင်းစိုက်ခင်း(၂၀)ဧကအတွက် ယူကလစ်ပျိုးပင်နှင့် ရှားပျိုးပင် စုစုပေါင်း(၂၉၀၄၀)ပင်ကို မုံရွာမြို့နယ် ဗောဓိတစ်ထောင် အဆိုပြုသဘာဝ ကြိုးဝိုင်းအတွင်း၌ လည်းကောင်း၊ (၂/၂၀၂၂) ကျေးရွာထင်း စိုက်ခင်း(၂၀)ဧကအား ချောင်းဦးမြို့နယ် နွယ်ခွေကြိုပြင်ကာကွယ်တောတွင် ယူကလစ်ပျိုးပင်နှင့်ရှားပျိုးပင် စုစုပေါင်း (၂၉၀၄၀)ပင်ကို လည်းကောင်း  စုစုပေါင်း ပျိုးပင်(၅၈၀၈၀)ကို တည်ထောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)