မြို့သစ် မတ် ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာ လက်မှု့ပညာတစ်ခုဖြစ်သည့် ပန်းပဲလုပ်ငန်းမှာ အသုံးပြုသုံးစွဲသူ နည်းပါးလာသဖြင့် ပန်းပဲလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း မြို့သစ်မြို့ရှိ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ များထံက သိရသည်။
မြို့သစ်မြို့ပေါ်တွင် တစ်ချိန်ကပန်းပဲ ဖို(၇) ဖိုခန့်ရှိခဲ့ပြီး၊ ပန်းပဲဖိုများမှ ဓါး နှင့်လယ် ယာသုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ "မြို့သစ်ဆိုတာ တစ်ချိန်က ပန်းပဲဖိုထွက်ပစ္စည်းတွေဖြစ်သည့် ကပ်ကျေးနဲ့ ကိုင်းရမ်းဓား နာမည်ကျော်ခဲ့တဲ့ ဒေသဖြစ်ပါတယ်၊ မြို့သစ်ကထွက်တဲ့ ကပ်ကျေး၊ ကိုင်းရမ်းဓားက (၁၀)နှစ်လောက် အာမခံတယ်၊ ပန်းပဲဖိုတွေကလည်း တစ်လက်ဆို တစ်လက် ခိုင်ခန့်အောင်ပြုလုပ်ပြီး အာမခံနဲ့ရောင်းချပေးတယ်။ ယခုနောက်ပိုင်း ကပ်ကျေးတစ်လက်ကို(၁၅၀၀/၂၀၀၀) လောက်နဲ့ အာမခံချက်မရှိတဲ့ပစ္စည်းတွေ ဝင်လာတော့ အာမခံနဲ့ ပြုလုပ်ရောင်းချတဲ့ ပစ္စည်းတွေကို သုံးစွဲသူနည်းလာခဲ့တယ်။ ပန်းပဲဖိုထွက် ကပ်ကျေးတစ်လက်ကို (၄၅၀၀)ကျပ်မှ (၇၀၀၀)ကျပ်ဝန်းကျင်ထိ ဈေးရှိပါတယ်။ ပန်းပဲဖိုတွေမှာ ထင်း၊ မီးသွေး ကုန်ကျစရိတ်၊ အလုပ်သမားစရိတ်နဲ့ တွက်ခြေမကိုက်ကြတာကြောင့် ဖိုတွေ တဖြည်းဖြည်းနည်းပါးလာပြီဖြစ်ကြောင်း၊ ကွမ်းညှပ်၊ ကပ်ကျေးလိုင်း၊ တံဇဉ်၊ တူရွင်း၊ ပေါက်ပြား၊ ဂေါ်ပြား၊ ဆောက်သွား၊ ရေပေါ်သွား၊ တူ စသည့် လုပ်ငန်းလိုင်း၊ ဓါးသီးသန့်လိုင်း၊ လှည့်မြီးချသည့်လုပ်ငန်းလိုင်းဆိုပြီး ရှိကာ၊ လယ်ယာသုံးဖြစ်သည့် ထယ်သွား၊ ထွန်သွား များကိုလည်း သီးသန့်ထုတ်လုပ်ကြကြောင်း သိရသည်။
"ကျွန်တော်တို့က မိဘတွေလက် ထက်ကတိုင်ဓါးသီးသန့်တစ်မျိုးဘဲထုတ်လုပ်ပါတယ်။ ဓါးအတွက် ကားလေးသံကို အသုံးပြုပြီး အာမခံဖြင့်ပြုလုပ်ပေးပါတယ်။ ဓါးတစ်ချောင်းကို (၄၅၀၀)ကျပ်မှ(၃၀၀၀၀)ကျပ်ထိ အမျိုးအစားပေါ်မူတည်ပြီးရောင်းချသလို၊ စက်နင်းဓါး၊ ကိုင်းရမ်းဓါး၊ သစ်ခုတ်/ ဝါးခုတ် ဓါးတွေလည်းထုတ်လုပ် ရောင်းချပါတယ်ဟု မြို့သစ်မြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဦးကပြောသည်။
ယခုကာလတွင်ပန်းပဲဖိုများအနေဖြင့် ထင်း၊ မီးသွေး ရှားပါးကာ ဈေးကြီးပေး၍ဝယ်ရခြင်း၊ ပန်းပဲဖိုအလုပ်သမားရှားပါးလာခြင်းနှင့် နိူင်ငံရပ်ခြားမှဝင်လာသည့် သံထည်ပစ္စည်းများမှာ ဈေးပေါပေါဖြင့် ဝယ်ယူရရှိခြင်းများကြောင့် ပန်းပဲဖိုလုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ် လုနီးပါးဖြစ်ရကြောင်းကို မြို့သစ်မြို့နယ်ရှိ ပန်းပဲလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)