မုံ့ညင်းထုပ် ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိ

ကောလင်း မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း ဒေါင်းမြူး ချောင်းနံဘေးရှိ ကျေးရွာများမှ တောင်သူများသည် မုံ့ညင်းထုပ်ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

"မုံ့ညင်းထုပ်ကို နှစ်တိုင်း ၀.၅၀ဧက စိုက်ပျိုးပါတယ်။ စိုက်ပျိုးခဲ့တာကတော့ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီး ယခင်နှစ်များမှာ မုံ့ညင်းထုပ် တစ်ပိဿာ ၂၅၀ကျပ်သာ ရောင်းချခဲ့ရပြီး ယခုနှစ်မှာတော့ တစ်ပိဿာ ၅၀၀ကျပ်ဖြင့် စိုက်ခင်းထဲအထိ ဖောက်သည်များက လာရောက်ဝယ်ယူကြကြောင်း အုပ်ဖိုကျေးရွာမှ မုံ့ညင်းထုပ်စိုက်ပျိုးသူ ဦးအောင်ဝင်းကပြောပြသည်။

 မုံ့ညင်းထုပ် ၀.၅၀ဧကကို အပင်ရေ ၅၀၀၀ ကျော်ဝင်ပြီး မြေအနေအထား၊ ပြုစုပေါ်မူတည်၍ မုံ့ညင်းထုပ်တစ်ပင် ၈၀ ကျပ်သားမှ တစ်ပိဿာကျော်အထိရှိပြီး ပိဿာချိန် ၃၅၀၀မှ ၄၀၀၀ ကျော်အထိ ထွက်ရှိကြောင်း၊ မျိုးက မိမိဖာသာမျိုးယူကြသည့်အတွက် ကုန်ကျစရိတ် သက်သာပြီး ရောင်းရသည်အထိ စုစုပေါင်း ကုန်ကျစရိတ် တစ်သိန်းခန့်သာ ကုန်ကျကြောင်း၎င်းက ဆက်လက်၍ ပြောပြသည်။

ဒေါင်းမြူးချောင်းနံဘေးရှိ ကျေးလက်နေပြည်သူများသည် သီးနှံများစိုက်ပျိုးရာတွင် မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဈေးကွက် ကောင်းသော သီးနှံများနှင့် နေ့စဉ်ဝင်ငွေတိုးပွားသည့် ဟင်းသီး ဟင်းရွက်သီးနှံမျိုးစုံကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း၊ သီးနှံ စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)