ကသာမြို့၌ “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲတွင် မြို့နယ်အတွင်း အဓိကစိုက်ပျိုးသောစပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံမျိုးစေ့များ ပြသထား

ကသာ မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၏ဦးဆောင်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပင်းမလွတ်ကျေးရွာသစ် ဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါမျိုးစေ့ပြပွဲတွင် ကသာမြို့နယ်အတွင်း အဓိက စိုက်ပျိုးသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစေ့ များကို ပြသထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးစေ့ပြပွဲတွင် ကသာခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကသာမြို့နယ် အတွင်းရှိ တောင်သူများအနေဖြင့် မျိုးစေ့ထုတ်နည်းပညာများကို သိရှိနားလည်ပြီး မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နိုင်သည်အထိ ကြိုးစား လုပ်ဆောင်ရမည်ဖြစ်ပြီး မျိုးစေ့များကိုလည်း ရွေးချယ်စိုက်ပျိုးတတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကသာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုလေးက “တောင်သူလယ်သမားနေ့” အထိမ်းအမှတ် မျိုးစေ့ပြပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ကသာမြို့နယ်တွင် မျိုးပွား၊ မျိုးသန့်စိုက်ပျိုးခြင်းလုပ်ငန်းအနေဖြင့် အောင်မြင်လျက်ရှိပြီး တောင်သူများ အနေဖြင့် သီးနှံတစ်ခုစိုက်ပျိုးလျှင် စီးပွားဖြစ် အောင်မြင်အောင်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းပြီး ပူပေါင်း ဆောင်ရွက်နိုင်ကြောင်း တောင်သူများအား ပြောကြားခဲ့သည်။

ကသာမြို့နယ်တွင် မိုး/နွေစပါးစိုက်ဧက (၄၈၅၉၁)ဧက၊ ပဲမျိုးစုံသီးနှံ(မိုး/ဆောင်း) (၃၄၃၇၇)ဧက နှင့် ဆီထွက်သီးနှံ(မိုး/ဆောင်း)(၇၄၀၄၆)ဧက စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)