ငရုတ်ကောင်း မတ်လ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့ဝင်ဂိတ်၊ လူစည်ကားရာ လမ်းဆုံများ၊ မြို့မစျေးနှင့် စားသောက်ဆိုင်များအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများ၊ ဆိုင်ကယ်၊ ကားများ တားဆီး၍ နှာခေါင်းစီး(Mask)များ တပ်ဆင်သွားလာကြရန် ပြောကြားပြီး (Mask)များဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်မြို့မစျေးတွင် စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေသော ပြည်သူများ နှာခေါင်းစီးတပ်ဆင်ထားခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ တို့ကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းနှင့် (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ဝန်ထမ်းများ၊ မီသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်နှင့် ရပ်ကွက်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်