ဝါးခယ်မမြို့၌ (၃၉)ကြိမ်မြောက် ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များ ပူဇော်ပွဲကျင်းပသွားမည်

ဝါးခယ်မ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၃၉)ကြိမ်မြောက် သကျမဟာသီရိ ဘုရားကြီး အရုဏ်တော်ခံဝတ်အသင်း တန်ဆောင်းရှိ ရွှေတိဂုံပုံတူစေတီရတနာကြုတ်အတွင်း ကိန်းဝပ်စံပယ်တော်မူသော မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်မြတ်ပွားနှင့် ဓာတ်တော်မြတ်များ ပူဇော်ပွဲကို တပေါင်းလဆန်း ၁၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ (မတ်လ ၁၂ ရက်မှ ၁၆ရက်) အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓစွယ်တော်မြတ်သည် ၁၉၅၃ ခုနှစ် တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအား သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် မစ္စတာဘန်ဒရာနိုက်ကေးက ပေးအပ်သဖြင့် သီဟိုဠ်မှ ပင့်ဆောင်လာခဲ့သော စွယ်တော်မြတ်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များ ပူဇော်ပွဲတွင် ပါဝင်လှူဒါန်းလိုသော အဝေးရောက် ဝါးခယ်မနွယ်ဖွား အလှူရှင်များသည် အသင်းဥက္ကဋ္ဌ ဦးသိန်းဆွေ (09.422487316) ထံသို့ ၎င်းဘုရားကြီး အရုဏ်တော်ခံ ဝတ်အသင်းတန်ဆောင်းသို့ ၎င်းကြွရောက်လှူဒါန်းနိုင်ကြပါ ကြောင်း သိရသည်။

ရီရီလွင်(ဝါးခယ်မ ပြန်/ဆက်)