ကျိုက်လတ် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ကို ယနေ့မှစ၍ ပြန်လည်ထားမည် ဖြစ်ကြောင်း၊ ပြည်သူများ မိမိ၏နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask) တပ်ဆင်သည့် အလေ့အကျင့် ဖြစ်စေရန် ယခုရက်များသည် ပညာပေးကာလဖြစ်ပြီး ဩဂုတ်လ (၃၀) ရက်နေ့မှ စတင်၍ နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုသည် ကူးစက်မှု (၁၀)ဆ မြန်သဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း (၁၀)ဆတိုး၍ အရှိန်မြှင့် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)