ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လွိုင်လင်မြို့၌ဖွင့်လှစ်

လွိုင်လင်   မတ်  ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သစ်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့၌ ယမန်နေ့နံနက်(၀၉း၄၅)နာရီက အဆိုပါရုံး အဆောက်အဦးရှေ့တွင်ကျင်းပပြုလုပ်ပါသည်။

ဖွင့်ပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး  ဦးထက်မြက်အောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် လွိုင်လင်ခရိုင်  သေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည်  ပြည်သူကိုဝန်ဆောင်မှု ပေးရသည့် ဌာနဖြစ်ကြောင်း၊ ဤဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းကြီးသုံးခုရှိကြောင်း၊ ယင်းလုပ်ငန်းကြီးသုံးခုမှာ  အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် အစိုးရ ဘတ်ဂျက်ဖြင့် သော်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် သော်လည်းကောင်း ပူးပေါင်း၍ ပြည်သူ့ဝန်ဆောင်မှုဖြစ်သည့် အသက်မွေးဝမ်း ကျောင်းပညာများကို ကာလတိုသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ဈေးကွက် စီးပွားရေးစနစ်ဖော်ဆောင်ပေးရန် ရည်ရွယ်ပါကြောင်း ခရိုင်ဉီးစီးမှူး ဦးလင်းထင်က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက် ပေးနေသည့် အခြေအနေများကို ပြောကြားခဲ့သည်။ ယင်းနောက် ရုံးဆိုင်းဘုတ်အား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ခရိုင်ဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများပက်ဖျန်းပေးကြသည်။

အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သစ်ဖွင့်ပွဲကို ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။

လွိုင်လင်မိုး