ပိုင်ကျုံ မတ် ၂
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ညာမရော-ဖားကပ် (၄)မိုင်လမ်းပေါ်တွင် ကွန်ကရစ်တံတား (၂)စင်း တည်ဆောက်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား(၂)စင်းသည် ၄၀ပေတစ်စင်းနှင့် ၁၅ပေတစ်စင်းရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၉၉.၂၄၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတံတား တည်ဆောက်ခြင်း လုပ်ငန်းကို တော်ဝင်ကရင်မိသားစုမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းလုပ်ငန်းများ ပြီးစီးမှုကြောင့် ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာပြီး ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး