ဟိုင်းကြီးကျွန် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုသမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ နှင့် ပေါင်းရှင်းတမန်းနိုး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် တောင်သူဦးမြင့်ဝင်း၏ လယ်ကွင်းအတွင်း၌ ကျင်းပခဲ့ရာ ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတင်ညိုက ကိုဗစ်-၁၉ စီးပွားရေးကုသမှူ (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ကုန်ကျစရိတ်ကို နိုင်ငံတော်က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ စီးပွားရေးကုသမှု အပေါ်တောင်သူ ၁၈ ဦး၏ လယ်ဧက ၄၅ ဧကအတွက် စတင်စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်များ အတွက် နိုင်ငံတော်ကပေးအပ်သည့် ထောက်ပံ့ငွေ များနှင့် အဆင့်မြင့်မျိုးစပါးများကို ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းအားဖြင့် မျိုးစေ့ထုတ်တောင်သူများ တိုးပွားလာကာ ဟိုင်းကြီးကျွန်းဒေသရှိမြို့ လိုအပ်ချက် ကိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းပြပြီး တောင်သူဦးမြင့်ဝင်း၏ စနစ်တကျ စိုက်ပျိုးထားသည့် လယ်မြေအတွင်း ပေါင်းရှင်းခြင်း တမန်းနိုးခြင်း ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြည့်ရှု့အားပေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ မြို့စိုက် ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ညိုက ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြောင်းသိရသည်။
ကျော်သူဟိန်း(ပြန်/ဆက်)