လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု

ဘားအံ မတ် ၂

လယ်ယာသားငါးကဏ္ဍ စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အလေးထားကြိုးပမ်းဆောင်ရွက်သောအားဖြင့် ကရင် ပြည်နယ်အတွင်း လယ်ယာ စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူလယ်သမားများအား ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၆၀)ကြိမ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားများ၊ ထူးချွန်တောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူ (၁၂)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ တောင်သူလယ်သမားများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ကရင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော တောင်သူအသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနားသို့ တက်ရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)