ဝက်လက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် စျေးကွက်ဝင် သရက်သီနှံ မျိုးကွဲပင် ပြသခြင်း၊ စိုက်ပျိုးနည်းစနစ် စာအုပ်နှင့် ဟင်းသီးဟင်းရွက်ပျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဝက်လက် မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံး တွင် ယနေ့နံနက် ၉ နာရီ အချိန်က မတ်လ ၂ ရက်နေ့ တောင်သူ လယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် စျေးကွက်ဝင် သရက်သီးနှံ မျိုးကွဲ ပြသခြင်း၊ စိုက်ပျိုးနည်းစနစ် စာအုပ်နှင့် ဟင်းသီး ဟင်းရွက် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စျေးကွက်ဝင် သရက်မျိုးကွဲ ပြသခြင်းနှင့် စိုက်ပျိုးနည်းစနစ် စာအုပ်များ ပေးအပ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ စျေးကွက်ဝင် သရက်ကဏ္ဏ ဖွံ့ဖြိုးတိုးတက်ပြီး တောင်သူ များဝင်ငွေ တိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရှိရသည်။

အခမ်းအနားတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နိုင်ငံတကာ စျေးကွက်ဝင် အလားအလာ ကောင်းသော စိုက်ပျိုးနည်း စနစ်များအကြောင်း ဆွေးနွေးရာ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများ ကလည်း မိမိတို့သိလိုသည်များကို မေးမြန်ကြရာတွင် မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြား ဆွေးနွေးကြောင်း သိရသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသော တောင်သူများက သရက်ပျိုးပင်များ လေ့လာစေပြီးနောက် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများကို သရက်ပျိုးပင် ၊ သရက် GAP စိုက်ပျိုးနည်းစနစ် စာအုပ်၊ ဟင်းသီး ဟင်းရွက် မျိုးစေ့များ တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ မှ တောင်သူ ၅၂  ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)