ကြို့ပင်ကောက် မတ် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော ရေရရှိရေး လုပ်ငန်းနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ကြို့ပင်ကောက်မြို့သည် သောက်သုံးရေရှားပါးသော မြို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ မြို့အရှေ့ဘက်ခြမ်း သောက်သုံးရေရရှိရေးအတွက် ငွေကျပ် သိန်းပေါင်း ၅ ထောင်ကျော်အကုန် အကျခံကာ ဆောင်ရွက် ပေးထားပြီဖြစ်ကြောင်း ထပ်မံပြီးမြို့ပေါ်သောက်သုံးရေကန်များ အတွင်းသို့ သန့်ရှင်းသောရေများ ရောက်ရှိရေးအတွက် မြို့နယ် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက် ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် ရေရရှိရေးလုပ်ငန်းအတွင် မြို့အရှေ့ဘက် ဘော်ဘင်ဆည်မှရေအား ကျောင်းကုန်းကျေးရွာတွင် ရေစုကန် သုံးကန်ဖြင့် မြို့နယ်ခန်းမရေစင်သို့တွန်းပို့ကာ မြို့အရှေ့ဘက်ခြမ်း လေးရပ်ကွက်သို့ မြေအောက်ပိုက်များဖြင့် သွယ်တန်းကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)