မြိတ် မတ် ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ကျောင်းစစ်စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မတ်လ တတိယအပတ်မှစတင်ကာ သက်ဆိုင်ရာကျောင်းများနှင့် စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရ သည်။
ကျောင်းစစ်စာမေးပွဲများကို သက်ဆိုင်ရာကျောင်းများတွင် မတ်လ (၁၇)မှ (၂၃) အထိ ကျင်းပ သွားမည်ဖြစ်ပြီး Great 9 စာမေးပွဲကို အဆိုပါနေ့ရက်များအတွင်း ကျင်းပသွားမည်ဖြစ်ကာ Great 9 စာမေးပွဲ မေးခွန်းလွှာအဖြစ် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့် မေးခွန်းကို သက်ဆိုင်ရာ စာဖြေ ဌာနများတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည့် မတ်လ(၃၁) ရက်မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ကာ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စာမေးပွဲကြီးကြပ်ရေး အဖွဲ့များ၊ လုပ်ငန်းကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအား အပြင်စည်းအဖြစ်လည်းကောင်း၊ ဆရာ/မများက အတွင်းစည်းအဖြစ်လည်းကောင်း တာဝန်များခွဲဝေချထားပြီး စာမေးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်က ခါတိုင်းနှစ်ထက်စာရင် ဖြေဆိုသူကျောင်းသား/သူ ထက်ဝက်ခန့် လျော့နည်းပါတယ်။ စာမေးပွဲဖြေဆိုသူ ကျောင်းသူ/သားများ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး အဆင် ပြေကြမယ်လို့ ထင်ပါတယ်။ လာမယ့် နှစ်တွေမှာ ကျောင်းမတက်သေးတဲ့သူတွေ ပြည့်ပြည့်ဝဝ တက်ကြပြီး ပုံမှန်အတိုင်း ပြန်ဖြေစေချင်ပါတယ်” ဟု ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက ပြောသည်။
မြိတ်ခရိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၁၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား/သူ(၃၁၀၅)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း၊ စာမေးပွဲကျင်းပမည့် စာစစ် ဌာန ကျောင်းများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများအနေဖြင့် မြိတ်မြို့နယ်၌(၄)ခု၊ ကျွန်းစုမြို့နယ်၌(၅)ခု၊ ပုလောမြို့နယ်၌(၃)ခု၊ တနင်္သာရီမြို့နယ်၌ (၃) ခုတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )