တောင်ငူမြို့နယ်အတွင်း ရောင်းချစျေးဆိုင်များ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန် အစည်းအဝေးပြုလုပ်

တောင်ငူ သြဂုတ် ၂၈

တောင်ငူမြို့နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာ လူနာအမှတ် ၆၀၆ ယနေ့နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ် အတွင်း ပြည်သူများ ကိုဗစ် -၁၉ ရောဂါအား ကာကွယ်နိုင်ရန် ဖွင့်လှစ်ရောင်းချ စျေးဆိုင်များ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ရောင်းချရန်နှင့် စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချရန် အရေးပေါ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ကျင်းပသည်။

အစည်းအဝေး၌ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က စျေးသူစျေးသားများ စျေးရောင်းချရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်အညီ ရောင်းချနိုင်ရေး ၊ နှာခေါင်းစည်း ၊ လက်အိတ်၊ မျက်နှာအကာအကွယ်များ ဖြင့်ရောင်းချရန်၊ သတ်မှတ် စျေးချိန် အတွင်း သတ်မှတ် အကွာအဝေးမှ ရောင်းချကြရန် ၊ စျေးအတွင်း စျေးဝယ်မည့်သူများအား အဝင်ပေါက်တွင် လက်ဆေးခြင်း ၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းများ ပြုလုပ်ရန် ၊  ဆိုင်ထိုင်စနစ် ရောင်းချနေသည့် ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ စျေးသူ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)