မိတ္ထီလာ မတ် ၃၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်က မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့ နယ်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ထောက်ပံ့ရေးပစ္စည်းများကို မိတ္ထီလာမြို့နယ် ကန်တော် မင်္ဂလာခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းက မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ကြိုးပမ်း ဆောင်ရွက်နေသည်ကိုသိရှိပါကြောင်း၊ COVID-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် ယခုကဲ့သို့ တွေ့ရခြင်းဖြစ်ကြောင်းနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ကြောင်း၊ ဖြည့်ဆည်းပေးနိုင်သည်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ညှိနှိုင်းပေါင်းစပ်ပေးစရာရှိသည်များကို လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်များမှ COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင် ဆေးရုံအုပ်ကြီးဒေါက်တာညွန့်စိန်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ မြို့ နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဒေသခံ ပရဟိတ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို တင်ပြကြသည်။
ဆက်လက်၍ မိတ္ထီလာခရိုင်အတွင်းရှိ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အတွက် အခြေခံလိုအပ်ချက် အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်ခြင်းနှင့် တင်ပြချက်များ အပေါ်ကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခြင်းများကို တိုင်းဒေသကြီးဝန်ကြီးက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ (ပြန်/ဆက်)