ကလေးဝ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး စီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ ထုတ်ကွက်များအတွက် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးဝမြို့နယ်အတွင်းရှိ မိုးစပါးစီးပွားဖြစ် မျိုးသန့် မျိုးစေ့ ထုတ်မည့် ကျေးရွာအုပ်စု ၂၇ အုပ်စုမှ တောင်သူ ၂၂၁ ဦး၏ မျိုးစေ့ထုတ်လယ် ဧက ၃၅၀ တွင် ဧရာမင်း၊ ဆင်း သုခ၊ ဆင်းဧကရီ-၃ မျိုးသန့် မျိုးစေ့များ အတွက် မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ် ( ၂၉၃၉၅၀၀၀)ကျပ်အား မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများက တောင်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)