ဟားခါး မတ် ၂
ချင်းပြည်နယ်၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာ မူလတန်း ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ယမန်နေ့နံနက် ၁၁ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သွားရောက်ကြည့်ရှုသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိန်ထွန်းလှတို့ လိုက်ပါလာကြပြီး ဟားခါးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရဲကုန်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုကို ကြည့်ရှု ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အား မိမိတို့ကြီးလာရင် ဖြစ်ချင်သည့် ရည်မှန်း ချက်များကို မေးမြန်းပြီး မိမိရည်မှန်းချက်အတိုင်း ဖြစ်လာနိုင်ရန်အတွက် စာကြိုးစားရန်နှင့် ကျန်းမာရေး ကောင်းမွန်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအချို့နှင့် မိမိတို့နိုင်ငံရှိ အချို့ဒေသများတွင် ကိုဗစ်−၁၉ ရောဂါ မျိုးကွဲသစ် Omicron တွေ့ရှိနေသဖြင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လိုကြောင်း ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းသား/သူများအား ကျောင်းသုံး ဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် ရဲကုန်း အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ၊ ဆရာမနားနေခန်းများတွင် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ် သည် အခြားတိုင်းဒေသကြီး / ပြည်နယ်များထက် ပညာရေးအပါအဝင် အဖက်ဖက်မှ အားနည်းသည့် ပြည်နယ်ဖြစ်သဖြင့် အခြားတိုင်းဒေသကြီး / ပြည်နယ်များထက် အဆပေါင်းများစွာ ကြိုးစားအားထုတ်ရန် လိုကြောင်း၊ သို့ဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ရသည့်အချိန် ကာလ အတွင်း အကောင်းဆုံး ကြိုးစားသင်ကြားပေးစေလိုကြောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်မှ အကြောင်း အမျိုးမျိုးကြောင့် CDM တွင် ပါဝင်နေသော ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် ဆန္ဒရှိပါက မိမိမူလဌာနသို့ ပြန်လည်တာဝန် ထမ်းဆောင်ခွင့်ပြုထားသည်ကို ဆရာ၊ ဆရာမများအားလုံး သိရှိစေလို ကြောင်း အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၅၁၆) ကျောင်း ရှိသည့်အနက် ဟားခါးမြို့နယ်တွင် (၃)ကျောင်း၊ မတူပီမြို့နယ်တွင် (၆)ကျောင်း၊ တွန်းဇံမြို့နယ်တွင် (၅၉) ကျောင်းနှင့် ပလက်ဝမြို့နယ်တွင် (၃၁၅)ကျောင်း၊ ပေါင်း(၃၈၃)ကျောင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)