ပွင့်ဖြူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် နိုင်ငံတော်မှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က နိုင်ငံတော်မှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်း သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေ အလေအလွင့် နည်းပါးစေရေး အကျိုးရှိစွာ စနစ်တကျ သုံးစွဲသွားရန် တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ထောက်ပံ့ ပေးသည့် ထောက်ပံ့ငွေများကို ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာအုပ်စု ၊ မုန်းမြင့်ကျေးရွာအုပ်စု ၊ ကံဆွယ် ကျေးရွာအုပ်စု၊ လယ်လှကုန်းကျေးရွာအုပ်စု တို့မှ တောင်သူ(၁၀၈)ဦး၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် ၂၈၄ ဒသမ ၈၈ ဧက အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၄၃၅၇၂၄ဝိ/- အား တောင်သူတစ်ဦးချင်းစီ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စိုက်ပျိုးသည့် ကျေးရွာအုပ်စု ၂၀ အုပ်စု ၊ ကျေးရွာပေါင်း ၅၄ ရွာ ၊ တောင်သူဦးရေပေါင်း ၅၃၉ ဦး ရှိပြီး စိုက်ဧကပေါင်း ၁၄၆၃ ဧက ရှိကြောင်း သိရကာ စိုက်ကွက်တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၅ဝဝိ/- ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၂၀၁၈၁၅ဝဝိ/ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများမှ မိုးစပါးမျိုးစေ့ ထုတ်စိုက်ပျိုး တောင်သူများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )