တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ

ထားဝယ်     မတ်     ၁

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းပြဌာန်းနိုင်ရေးအတွက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မီနစ်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တနင်္သာရီတိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေး မူဝါဒများ၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ မဟာဗျူဟာများအပေါ် အခြေခံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဒေသန္တရစီမံကိန်းကို (၅)နှစ်စီမံကိန်းမူဘောင်အတွင်းမှ တိုင်းဒေသကြီး၏ ဦးစားပေးလုပ်ငန်းစဉ်အတိုင်း ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တရား ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး စသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းစဉ် (၁၂)ရပ် ချမှတ်ထားကြောင်း၊ လူမှုရေး/ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မြင့်က  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းပြဌာန်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေး ရာဝန်ကြီး၊ ဦးမောင်ကြီးက  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)