သရက်မြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပထမအကြိမ်မဲစာရင်း ကြေညာစဉ် မှတ်ပုံတင် နံပါတ် မပြည့်စုံမှုများကို ပြန်လည်ဖြည့်စွက်ခြင်းများ ဆောင်ရွက်မှုကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနတို့မှ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် လုပ်ဆောင်နေသဖြင့် ဒုတိယအကြိမ်မဲစာရင်းကြေညာသည့်အခါ ပြည်စုံမှန်ကန်စွာ ကြေညာနိုင်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များဖြစ်သည့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်၊ ခရိုင် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် ခရိုင်ဥပဒေအရာရှိ ဒေါ်လှလှဝင်းက စက်တင်ဘာလအတွင်း ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင်များကို သင်တန်းများပေးသည့်အခါ ခရိုင်တွင်းရှိ ဥပဒေအရာရှိမျာက ပို့ချပေးသွားမည်ဟု ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(သရက်)