ထားဝယ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ထားဝယ်    မတ်    ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆ လဘတ်ဂျက်) တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကို အကျိုးပြုစေရန် ရည်ရွယ်၍  (VDP)စီမံကိန်း ခွင့်ပြုငွေရန်ပုံငွေ ကျပ်သိန်း(၃၀၀) အား ကျေးရွာ(၁)ရွာလျှင် သိန်း(၁၀၀)စီဖြင့် ကျေးရွာ (၃) ရွာရှိ ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲသည့် လုပ်ငန်းနှင့်ပတ်သက်၍  ၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေး နှစ်၌ လုပ်ငန်းအမျိုးအစား(၃)မျိုးအား ကျေးရွာ(၅)ရွာတွင် ခွင့်ပြုငွေ ကျပ်သိန်း (၂၅၀)ဖြင့်လည်းကောင်း၊ ၂၀၁၆ -၂၀၁၇ ခု ၊ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းအမျိုးအစား(၂) မျိုးအား ကျေးရွာ(၄)ရွာတွင် ခွင့်ပြုငွေ ကျပ်သိန်း(၂၀၀)ဖြင့် လည်းကောင်း၊  ၂၀၁၇ - ၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းအမျိုးအစား (၃)အား  ကျေးရွာ(၇) ရွာတွင်  ခွင့်ပြုငွေ ကျပ်သိန်း(၇၀၀)ဖြင့် လည်းကောင်း၊ ၂၀၁၈ - ၂၀၁၉ ခု၊  ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းအမျိုးအစား(၄)အား ကျေးရွာ(၁၅)ရွာတွင် ခွင့်ပြုငွေ ကျပ်သိန်း (၁၅၀၀)ဖြင့် လည်းကောင်း၊  ၂၀၁၉-၂၀၂၀ ခု ၊ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းအမျိုးအစား(၆)အား ကျေးရွာ(၂၀)တွင် ခွင့်ပြုငွေ ကျပ်သိန်း(၂၀၀၀)ဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ကျေးရွာ(၆၄) ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည်။

ယခု  ၂၀၂၁ -၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်)တွင်လည်း ကူးတို့ကျေးရွာတွင်  ရွာတွင်းလမ်း (450'× 11'× 6" ) ကွန်ကရစ်ခင်းခြင်း၊ အညာဖျားကျေးရွာတွင် ရွာတွင်းလမ်း (450'×11'× 6" )  ကွန်ကရစ်ခင်းခြင်းနှင့် ရောင်းမော်ကျေးရွာတွင် မြေသားလမ်း (650'× 12 '× 1' 9")  တိုးချဲ့ခြင်း၊ ချောင်းကျောက်ခင်းခြင်းနှင့် ကွန်ကရစ် (200'× 11'× 6")ခင်းခြင်းတို့ကို ခွင့်ပြုငွေကျပ် သိန်း(၁၀၀)စီဖြင့် အဆိုပါ ကျေးရွာ(၃)ရွာတွင်  ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး  (၁၀၀%) ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)