တောင်ငူ မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်းကာ ရပ်ရွာအခြေပြု မိန်းမဝတ်(အခြေခံ) အပ်ချုပ်နည်း သင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ် ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ သင်တန်းအား မတ်လ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဒေါ်ငြိမ်းပြည့်ပြည့်လွင်မှ ခေါင်းစွပ်အင်္ကျီအပွ၊ ရှေ့ကွဲအင်္ကျီ၊ နောက်ကွဲ ဇစ်လက်ဖောင်း၊ ရင်ဖုံးအင်္ကျီနှင့် ချိတ်ထဘီအမျိုးမျိုး ချုပ်နည်းများကို အခြေခံမှစ၍ တတ်မြောက်သည်အထိ စနစ်တကျ လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်။ ထို့ပြင် သင်တန်းကာလ ပြီးဆုံးချိန်၌ အရည်အချင်းဆန်းစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံး ရရှိသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်